The wild robot (2024)

မင်္ဂလာပါ ဘီတီအမ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့အတွက်တော့ မကြာသေးမီကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ animation ကားကောင်းလေးကို တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။
မတော်တဆမှုတစ်ခုကြောင့် လူသူမရှိတဲ့တောကြီးထဲ ကျရောက်သွားခဲ့တဲ့ ဉာဏ်ရည်မြင့်စက်ရုပ်တရုပ်ဟာ ပိုင်ရှင်ကိုလိုက်ရှာနေရင်း တောထဲကတိရစ္ဆာန်ပေါင်းစုံနဲ့ အတူနေထိုင်ရပါ‌တော့တယ်။
တရက်မှာ ဘဲငန်းမိသားစုတစ်ခုကို မတော်တဆ ဖျက်ဆီးလိုက်မိပြီး ကျန်ရစ်ခဲ့တဲ့ ငန်းဥလေးတစ်လုံးကို ကိုယ်တိုင်မွေးမြူ စောင့်ရှောက်ဖို့ဖြစ်လာခဲ့ပါတယ်။
စက်ရုပ်ဖြစ်ပေမယ့် လူ့စိတ်ခံစားချက်တွေကိုပါ ထည့်သွင်းဖန်တီးထားတာကြောင့် မွေးစားသားလေးအပေါ် သံယောဇဉ်တွေဖြစ်တည်လာခဲ့ပြီး တဖက်စက်ရုပ်ကုမ္ပဏီကလည်း သူ့ကိုလိုက်လံရှာဖွေကြတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ကြည်နူးတလှည့်၊ ပူဆွေးတလှည့်နဲ့ ကျနော်နဲ့အတူတူ လိုက်ပါခံစားကြဖို့ ဖိတ်ခေါ်ရင်းနဲ့ အစီစဉ်ကလေးကို စတင်လိုက်ကြရအောင်ပါ။
ထုံးစံအတိုင်း ကျနော်ကတော့ အစီအစဉ်တင်ဆက်သူ အံ့ခေတ်မှုးပဲဖြစ်ပါတယ်ခင်ဗျာ။
သယ်ယူပို့ဆောင်ရေး မတော်တဆမှုတစ်ခုကြောင့် "ရော့ဇမ်"လို့အမည်ရတဲ့ စက်ရုပ်လေးတစ်ခုဟာ ပင်လယ်ကမ်းစပ်တစ်နေရာမှာ ပြုတ်ကျနေခဲ့ပါတယ်။
မကြာခင်မှာ ပင်လယ်ဖျံလေးတွေရောက်လာကြပြီးတော့ အဲဒီအရာကို စူးစမ်းကြရာက ပါဝါခလုတ်ကိုတိုက်မိပြီး ရော့ဇမ် ကို အသက်ဝင်သွားစေခဲ့ပါတယ်။
လူတွေကိုကူညီဖို့ ဖန်တီးထားတဲ့စက်ရုပ်ဖြစ်တာကြောင့် အသက်ဝင်ဝင်လာချင်းမှာ ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ရော့ဇမ်ကိုကြိုက်နှစ်သက်ရာတာဝန် ပေးအပ်နိုင်ကြောင်း၊
ပေးအပ်လာသမျှ တာဝန်တိုင်းကိုလည်း သခင်ဖြစ်သူစိတ်ကျေနပ်အောင် ကူညီဆောင်ရွက်ပေးနိုင်ပါတယ် ဆိုပြီး ပင်လယ်ဖျံတွေကို ပြောခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ရုတ်တရက် လှိုင်းလုံးကြီးတခုရိုက်ခတ်လိုက်တာကြောင့် အားလုံးလွင့်စင်သွားကြရပါတယ်။
နောက်ထပ်လှိုင်းလုံးကြီးတခုလည်း အနောက်ကနေ ကပ်ပါနေတာကြောင့် အပေါ်ကိုကုပ်တက်ဖို့ ကြိုးစားရပါတယ်။
ဒါပေမဲ့ ကမ်းပါးယံကြီးက မတ်စောက်လွန်းနေတာကြောင့် အပေါ်ကိုမရောက်ခင်မှာပဲ ပြန်ပြုတ်ကျလာခဲ့ပါတယ်။
အဲဒီအချိန်မှာ ဂဏန်းတကောင်ကို တွေ့လိုက်မိပြီးတော့ ဂဏန်းရဲ့ပုံစံကိုအတုခိုးပြီး ဘေးတိုက်တတ်သွားတဲ့အခါ အပေါ်ကိုရောက်သွားပါတော့တယ်။
အပေါ်ကိုရောက်တဲ့အခါ ဂဏန်းကိုဖမ်းယူလိုက်ပြီး သူ့ကိုမှာဝယ်လိုက်တဲ့ ပိုင်ရှင်ဟုတ်,မဟုတ် မေးနေတုန်းမှာ ဂဏန်းကို ငှက်တစ်ကောင်က သုတ်ချီသွားပါတော့တယ်။
သူ့ရဲ့အရှေ့ကိုကြည့်လိုက်တော့ တောအုပ်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရပြီး ရော့ဇမ် ဟာ ပထမဆုံးတာဝန်ကို ထမ်းဆောင်ဖို့အသင့်ရှိပြီဖြစ်ကြောင်းအသံပေးကာ သူ့ရဲ့ပိုင်ရှင်ကိုရှာဖွေဖို့ တောနက်ကြီးထဲကို ဝင်သွားခဲ့ပါတော့တယ်။

အဲဒီနောက် တွေ့သမျှတိရစ္ဆာန်တိုင်းကို သူ့ရဲ့ပိုင်ရှင်အမှတ်နဲ့ တာဝန်တွေပေးအပ်ဖို့ လိုက်တောင်းခံ‌ေနခဲ့ပါတယ်။
တိရစ္ဆာန်တွေကတော့ သူ့ကိုအထူးအဆန်းသတ္တဝါကြီးလို့ထင်မြင်ကာ ကြောက်လန့်တကြား မောင်းထုတ်ပစ်ကြတာပါ။
ရော့ဇမ်က အခုချိန်မှာမလိုအပ်သေးရင်လဲ နောက်တစ်ချိန်လိုအပ်တဲ့အခါ ဝယ်ယူနိုင်ဖို့ ၁၀%လျော့ဈေးပေးတဲ့ကူပွန်တွေ ကပ်ထားပေးခဲ့ပါတယ်။
အဲဒီလိုနဲ့ ရော့ဇမ်ရဲ့မနားမနေကြိုးစားမှုကြောင့် အခုဆိုရင် တိရစ္ဆာန်တိုင်းရဲ့ကိုယ်ပေါ်မှာ ကူပွန်လေးတွေကိုယ်စီနဲ့ ဖြစ်နေခဲ့ပါပြီ။
အဲဒီနောက် သမင်တစ်ကောင်ရဲ့ပုံစံအတိုင်း အတုခိုးကာပြေလွှားနေရင်းနဲ့ ရော့ဇမ်စက်ရုပ်တွေဟာ ချက်ချင်း အပြုအမူအတုခိုးနိုင်အောင် ပရိုဂရမ်ရေးဆွဲထားကြောင်းရှင်းပြနေခဲ့ပါတယ်။
ဒီအတွက် ရလိုက်တဲ့အကျိုးဆက်ကတော့ နောက်ပြန်ဖနောင့်နဲ့ အပေါက်ခံလိုက်ရတာပါပဲ။
ဒီလိုနဲ့ ခရီးဆက်လာခဲ့ရာက တနေရာမှာ အလွန်လှပတဲ့ ရောင်စုံလိပ်ပြာလေးတွေများစွာကို တွေ့လိုက်ရပါတယ်။
ရော့ဇမ်တယောက် အံ့သြတကြီးနဲ့ ငေးကြည့်နေစဉ်မှာပဲ လိပ်ပြာကိုငှက်တကောင်က ဖမ်းစားလိုက်ပြီး အဲဒီငှက်ကိုလည်း တော‌ကြောင်တကောင်က ခုန်အုပ်လိုက်ပါတယ်။
အဲဒီတောကြောင်ကိုလည်း အခြားသားရဲတကောင်က ဖမ်းကိုက်လိုက်ပြန်ပြီး ရော့ဇမ်နားမလည်နိုင်တဲ့ တောတွင်းတိရစ္ဆာန်တွေရဲ့ အစာလည်ပတ်ပုံစနစ်ကို မြင်တွေ့ရပါတော့တယ်။
နောက်ဆုံးမှာ စကန့်လို့အမည်ရတဲ့ သတ္တဝါတစ်ကောင်ရောက်လာပြီး အလွန်အနံ့ပြင်းတဲ့ ဂတ်စ်ငွေ့တွေကိုလွှတ်ထုတ်လိုက်မှ သားရဲတိရစ္ဆာန်တွေ ထွက်ပြေးသွားကြပါတော့တယ်။
စကန့်က ရော့ဇမ်ကို စကားတွေအများကြီးပြောနေပေမယ့် ရော့ဇမ်က သူအခုလောလောဆယ် နားမလည်နိုင်သေးကြောင်း၊ ဒါပေမဲ့ ရော့ဇမ်တွေမှာ ဘာသာစကားအခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်စွမ်းရှိကြောင်း ရှင်းပြနေပေမယ့် စကန့်က ဂက်စ်ငွေ့တွေလွှတ်ထုတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီနောက် ရော့ဇမ်ဟာ ဘာသာစကားသင်ကြားမှုစနစ်ကို အသက်သွင်းလိုက်ပြီးနောက် ငြိမ်သက်စွာထိုင်နေလိုက်ပါတော့တယ်။
ရက်ပေါင်းများစွာ ထိုင်နေခဲ့ပြီး တိရစ္ဆာန်ပေါင်းစုံတို့ဟာ သူ့ရဲ့အနီးအနားကို ရောက်လာကာ သူတို့ဘာသာစကားနဲ့ အကြောင်းရာအမျိုးမျိုးကို ပြောဆိုနေကြပါတယ်။
လုံလောက်တဲ့ အချိန်ကာလတစ်ခုမှာတော့ ရော့ဇမ်ဟာ တိရစ္ဆာန်တွေရဲ့ဘာသာစကားကို ကောင်းကောင်းကျွမ်းကျင်သွားခဲ့ပြီး အဲဒီနေရာကထလာပါတော့တယ်။
အဲဒီနောက် တိရစ္ဆာန်များစုဝေးနေကြတဲ့ နေရာကိုသွားခဲ့ပြီးတော့ ရော့ဇမ်စက်ရုပ်တွေဟာ တာဝန်မျိုးစုံကို စနစ်တကျထမ်းဆောင်ပြီး အားလုံးရဲ့ဘဝတွေကို ပိုမိုတိုးတက်ကောင်းမွန်စေမယ်ဆိုပြီး ကြေညာချက်ထုတ်ပါတော့တယ်။
အားလုံးက သူ့ကိုအံ့ဩစွာနဲ့ကြည့်နေကြစဉ် ယုန်ငယ်လေးတစ်ကောင်က အဲဒါ ငါတို့ကိုသတ်မယ်ဆိုတဲ့အဓိပ္ပာယ်လားဆိုပြီး ထမေးပါတယ်။
ရော့ဇမ်က အဲဒီလိုမဟုတ်ကြောင်းနဲ့ အားလုံးရဲ့ခက်ခဲတွေကို ကူညီဖို့ရောက်လာကြောင်း ပြန်ရှင်းပြရပါတယ်။
သူ့စကားဆုံးတာနဲ့ သမင်ကြီးတစ်ကောင်က သူ့ကိုအရှိန်နဲ့ ပြေးခွေ့လိုက်ပြီး တောရဲ့ဥပဒေအရ မသတ်ရင်သေရမယ်လို့ပြောခဲ့ပါတော့တယ်။
ရော့ဇမ်က စက်ရုပ်ဖြစ်နေတာကြောင့် အသက်မသေခဲ့ဘဲ မကြာခင်မှာ ပြန်နိုးထလာခဲ့တဲ့အခါ တိရစ္ဆာန်အပေါင်းတို့ဟာ သူ့ကိုသရဲလို့ထင်မှတ်ပြီး ထွက်ပြေးကြကုန်ပါတယ်။
ရော့ဇမ်ကတော့ သူ့ကိုတာဝန်ပေးမယ့်သူမရှိတာကြောင့် မျက်နှာငယ်လေးနဲ့ ကျန်ရစ်နေခဲ့ပါတယ်။
အဲဒီနောက် တောင်ထိပ်တစ်ခုကိုတက်သွားခဲ့ပြီး ပို့ဆောင်မှုမအောင်မြင်တာကြောင့် စက်ရုံကိုပြန်ရမယ်ဆိုပြီး အချက်ပြစနစ်ကို ဖွင့်လိုက်ပါတယ်။
ဒါပေမဲ့ အချိန်တည်းမှာပဲ မိုးကြိုးပစ်ချလာတာကြောင့် တောင်ပေါ်ကနေ ဂျွမ်းထိုးဆင်းလာပါတော့တယ်။
ရော့ဇမ်ဟာလည်း အချိန်အတော်ကြာစက်ပိတ်သွားခဲ့ပြီး ပြန်နိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်ကို တိရစ္ဆာန်တစ်အုပ်က တစ်စစီဖြုတ်ဆော့နေတာ မြင်လိုက်ရပါတယ်။
ရော့ဇမ်လည်း သူ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေ အားလုံးပြန်ရအောင် အချိန်တော်တော်ကြာ ပြန်လုနေခဲ့ရပါတယ်။
အားလုံးကိုပြန်ရသွားတဲ့အချိန်မှာ စက်ရုံကိုပြန်ဖို့ အချက်ပြစနစ်ဖွင့်လိုက်ပြန်ပါတယ်။
ဒါပေမယ့် တိရစ္ဆာန်တကောင်က မီးရောင်တလက်လက်နဲ့လင်းနေတဲ့ အဲဒီအချက်ပြစက်ကို သဘောကျပြီး လုပြေးသွားခဲ့ပြန်ပါတယ်။
သူလည်း အသဲအသန်ပြေးလိုက်ရပြန်ပြီး အဲဒီကောင်လေးက ဂူကြီးတခုထဲပြေးဝင်သွားပြီးမှ ကြောက်လန့်တကြားနဲ့ ပြန်ပြေးထွက်လာခဲ့တာပါ။
မကြာခင်မှာ ဒေါသထွက်နေတဲ့ ဝက်ဝံကြီးတစ်ကောင် ပြေးထွက်လာပြီး ရော့ဇမ်ရဲ့ရင်ဘတ်ကို ကုပ်ချလိုက်ပါတော့တယ်။
ဒါနဲ့တင်မကျေနပ်သေးဘဲ အသေသတ်ဖို့လိုက်နေတာကြောင့် ရော့ဇမ်တယောက် အသက်လုပြေးနေရပါပြီ။
အချိန်အတော်ကြာ ပြေးလွှားနေရင်း၊ ဝက်ဝံကြီးရဲ့ခုန်အုပ်ချက်တွေကို ရှောင်တိမ်းနေရင်း နောက်ဆုံးမှာတော့ တောင်စောင်းတစ်ခုအတိုင်း လိမ့်ဆင်းသွားပါတော့တယ်။
ဝက်ဝံကြီးရဲ့အန္တရာယ်ကနေ လွတ်သွားခဲ့ပေမယ့် ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်မှုတချို့ ဖြစ်စေခဲ့ပါတယ်။
ပိုဆိုးတာက သူပြန်ထလာတဲ့အချိန် အနောက်ကိုလှည့်ကြည့်မိတော့ ဘဲငန်းမိသားစုရဲ့အသိုက်ကို ဖျက်ဆီးခဲ့မိကြောင်း မြင်လိုက်ရတာပါ။
ဘဲငန်းအမေကြီးဟာ သေဆုံးသွားခဲ့သလို အသိုက်ထဲက ဥတွေလည်း ကွဲကြေကုန်ပါတယ်။
သစ်ကိုင်းကိုဖယ်ကြည့်တဲ့အခါ အကောင်းတိုင်းကျန်နေတဲ့ ဥတစ်လုံးကိုမြင်လိုက်ရပြီး သူစကန်ဖတ်ကြည့်လိုက်တော့ အတွင်းမှာ သက်ရှိသတ္တဝါတစ်ကောင်ကို မြင်လိုက်ရပါတယ်။
အဲဒီဥကိုကိုင်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း သတ္တဝါတစ်ကောင်က သူ့လက်ထဲကလုပြေး သွားခဲ့ပါတယ်။
လု‌ပြေးသွားတဲ့ကောင်က "ဖင့်" လို့ အမည်ရတဲ့ မြေခွေးတစ်ကောင်ဖြစ်ပြီး သစ်ခေါင်းတစ်ခုထဲမှာ ဝင်ပုန်းနေခဲ့ပေမယ့် ရော့ဇမ်က လွှစက်ကြီးနဲ့ဖြတ်ကာ သူ့ကိုဆွဲထုတ်လိုက်ပါတယ်။
ဒါပေမဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ ဖင့်ဟာ ရော့ဇမ်ကို တပက်ရိုက်ပြီး ထွက်ပြေးသွားပြန်တာကြောင့် အသည်းအသန်လိုက်ရပြန်ပါတယ်။
လိုက်နေရင်းနဲ့ တစ်နေရာမှာတော့ ရော့ဇမ်တယောက် ချောက်နက်ကြီးထဲကို ပြုတ်ကျသွားခဲ့ပါတော့တယ်။
ဒါပေမယ့် သူ့ရဲ့လက်ကို အရှည်ကြီးဆန့်တန်းပြီး ချက်ချင်းပြန်တက်လာနိုင်တာကြောင့် နောက်ဆုံးမှာ ဖင့်ရဲ့လက်ထဲကဥကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် ဖင့်ကိုဆွဲတင်လိုက်ကာ လက်နက်ကြီးတစ်ခုကို ထုတ်လိုက်တာကြောင့် ထိတ်လန့်တကြားဖြစ်သွားပေမယ့် တကယ်တမ်းတော့ သူ့ကိုပေါ်ကဆူးတွေကို နှုတ်ပေးကာ ပြန်လွှတ်ပေးလိုက်တာပါ။
အဲဒီနောက် ဥခွံကအက်ကွဲလာတာကြောင့် အထိတ်တလန့်နဲ့ လက်တံများစွာထုတ်ကာ ထိန်းချုပ်ထားလိုက်ပါတယ်။
ငြိမ်သက်သွားပြီအထင်နဲ့ ပြန်လွှတ်လိုက်တဲ့အခါ ဘဲငန်းပေါက်စလေးဟာ ဥခွံကိုကန်ခွဲပြီး ထွက်လာပါတော့တယ်။
ငန်းပေါက်လေးကတော့ ဥခွံထဲကထွက်ပြီးပြီးချင်း ပထမဆုံးတွေ့လိုက်ရတဲ့ ရော့ဇမ်ကို သူ့ရဲ့အမေလို့ထင်မှတ်နေပေမယ့် ရော့ဇမ်က သူ့ကိုအောက်ချပေးလိုက်ပြီးတော့ သူ့ရဲ့တာဝန်ထမ်းဆောင်မှုအတွက် စိတ်ကျေနပ်ပါသလားဆိုပြီး စက်ရုပ်ဆန်ဆန်ပဲ မေးလိုက်ပါတယ်။
ငန်းပေါက်လေးက နားမလည်နိုင်ဖြစ်နေတုန်းမှာပဲ ရော့ဇမ်က ကူပွန်စာရွက်ပေးကာ ထွက်သွားခဲ့ပေမယ့် ငန်းပေါက်‌လေးက သူ့အနောက် တကောက်ကောက်လိုက်ကာ တီတီတာတာလုပ်နေခဲ့တာပါ။
နောက်ဆုံးမှာ ရော့ဇမ်ရဲ့ အချက်ပေးစက်ကိုပါ ဖျက်ဆီးလိုက်ပြီး ငယ်ထိပ်ပေါ်မှာ တက်ထိုင်နေပါတော့တယ်။
အဲဒီအချိန်မှာ "ပေါ့ဆမ်"မိသားစုတခုကို မြင်လိုက်တာကြောင့် ငန်းပေါက်လေးကို အဲဒီမိသားစုနဲ့ ထည့်ပေးလိုက်ပါတယ်။
ဒါပေမဲ့ ပေါ့ဆမ်အမေကြီးက မကြာခင်မှာပဲ သတိထားမိသွားပြီး ငန်းပေါက်လေးကို မင်းအမေဘယ်မှာလဲလို့ မေးနေရင်း ရော့ဇမ်ကိုမြင်သွားတဲ့အခါမှာတော့ ပေါ့ဆမ်များရဲ့သဘာဝအတိုင်း လဲသေချင်ယောင်ဆောင်လိုက်ကြပါတယ်။
အတော်ကြာမှ ပြန်နိုးလာကြပြီးတော့ ငန်းပေါက်လေးဟာ ရော့ဇမ်ဆီကိုရောက်နေတာ မြင်လိုက်ကြရပါတယ်။
ပေါ့ဆမ်အမေကြီးက ရော့ဇမ်ဆီသွားကာ ဒီငန်းပေါက်လေးက မင်းရဲ့ကလေးလားလို့ မေးလိုက်တဲ့အခါ ရော့ဇမ်က မဟုတ်တဲ့အကြောင်းနဲ့ ငန်းပေါက်လေးဟာ သူ့အနောက်ကို တကောက်ကောက်လိုက်နေပြီးတော့ သူလုပ်ရမယ့်တာဝန်တွေကိုပါ ရှုပ်ထွေးသွားစေတယ်လို့ ဆိုခဲ့ပါတယ်။
ပေါ့ဆမ်အမေကြီးက ငန်းပေါက်လေးတွေဟာ ဒီတိုင်းပဲဖြစ်ကြောင်းနဲ့ သူတို့ပထမဦးဆုံး မြင်ရသူကို သူ့ရဲ့အမေလို့ သတ်မှတ်လိုက်ကြကြောင်းပြောပြပါတယ်။
ရော့ဇမ်ကတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မိခင်တာဝန်ထမ်းဆောင်ဖို့ program မပါရှိဘူးကြောင်းပြောကာ ငြင်းဆန်ခဲ့ပေမယ့် ပေါ့ဆမ်ကြီးက မိခင်တာဝန်ဆိုတာ မိမိကိုယ်တိုင်မှာလက်ခံယူရတာဖြစ်ပြီး အခြေအနေအရ ငန်းပေါက်ကိုစောင့်ရှောက်ဖို့ဟာ ရော့ဇမ်ရဲ့တာဝန်ဖြစ်သွားပြီလို့ ပြောလိုက်ပါတယ်။
တာဝန်လက်ခံဖို့ program ရေးဆွဲထားတဲ့ ရော့ဇမ်ဟာ ဒီစကားကိုကြားတာနဲ့ တာဝန်ကိုလက်ခံလိုက်ပြီဖြစ်ကြောင်းနဲ့ ရော့ဇမ်တွေဟာ တာဝန်တိုင်းကို အကောင်းဆုံးထမ်းဆောင်ကြတယ်လို့ ဆိုလိုက်ပါတော့တယ်။
အဲဒီနောက် ဒီကောင်လေးကို ဘယ်လိုစောင့်ရှောက်ရမလဲလို့ မေးတဲ့အခါ ပေါ့ဆမ်ကြီးက ငန်းပေါက်လေးဟာ စားဖို့၊ရေကူးဖို့နဲ့ ပျံသန်းတတ်ဖို့လိုအပ်ကြောင်း၊
ငန်းမျိုးနွယ်တွေဟာ ဆောင်းရာသီမရောက်ခင် ဒီကျွန်းကနေ ထွက်ခွာဖို့လိုအပ်ပြီး မဟုတ်ရင်တော့ အားလုံးအေးခဲပြီး သေဆုံးကြရလိမ့်မယ်လို့ ပြောပြခဲ့ပါတယ်။
ဒီလိုနဲ့ ရော့ဇမ်ဟာ ပထမဦးဆုံးတာဝန်ပေးအပ်ခြင်းကို လက်ခံခဲ့ရပြီး ဆောင်းရာသီမရောက်ခင် ‌
အစာစား၊ ရေကူး၊ ပျံသန်းနိုင်ဖို့ စတင်ကြိုးစားပါ‌ေတာ့တယ်။
ဒါပေမယ့် program ထဲမှာမပါဝင်တဲ့ လုပ်ငန်းစဉ်တွေဖြစ်တာကြောင့် တလွဲတွေလုပ်နေခဲ့တာပါ။
ပျံသန်းဖို့အတွက် စက်ရုပ်အစွမ်းနဲ့ ကောင်းကင်မြင့်ကြီးပေါ် ပစ်လွတ်လိုက်သလို စားနိုင်ဖို့အတွက် သစ်သီးခြောက်ကို အတင်းခွံ့ကျွေး‌နေပါတယ်။
ဒါတွေအားလုံးကို ဖင့်က မလှမ်းမကမ်းကနေ အကဲခတ်နေခဲ့ပြီး နောက်ဆုံးမှာ ရေကူးသင်ပေးရာက ငန်းပေါက်လေး သေခါနီးဖြစ်သွားတဲ့အခါမှာတော့ ဖင့်ဟာ မြေခွေးကျင့် မြေခွေးကြံနဲ့ ထွက်လာခဲ့ပြီး ရော့ဇမ်ကို တရားဝင်မိတ်ဆက်လာခဲ့ပါတယ်။
ဖင့်က သူ့ကိုယ်သူ ငန်းမျိုးစိတ်ကျွမ်းကျင်သူဖြစ်ကြောင်းနဲ့ ဒီတောတွင်းက ဒေသခံလည်းဖြစ်တာကြောင့် ရော့ဇမ်ရဲ့ တာဝန်တွေကိုမြန်မြန်ပြီးမြောက်အောင် သူကူညီနိုင်ကြောင်း ကမ်းလှမ်းခဲ့တာပါ။
ဖင့်ဟာ အသားစားမျိုးစိတ်ဖြစ်တာကြောင့် အစပိုင်းမှာ မယုံကြည်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဖင့်ရဲ့စကားတွေကိုနားဝင်သွားပြီး လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ ဖင့်ကမြေခွေးပီပီ ငန်းပေါက်လေးကို အကြောင်းပြကာ ခရုတွေရှာခိုင်း၊ ပျားတွေဖွတ်ခိုင်းပြီး သူတယောက်တည်းထိုင်စားနေတာပါ။
ညမိုးချုပ်တော့မှ သူ့လက်သည်းနဲ့ မြေကြီးကိုကုပ်ခြစ်လိုက်တဲ့အခါ ပိုးမွှားတွေထွက်ပေါ်လာပြီး ငန်းပေါက်လေးလည်း အစာစားရပါ‌တော့တယ်။
ရော့ဇမ်က စားသောက်ခြင်းဆိုတဲ့ ပထမတာဝန်တစ်ရပ် ပြီးပြီလို့ပြောတဲ့အခါ ဖင့်ကငန်းပေါက်လေးဟာ နေ့တိုင်းအစာစားဖို့လိုအပ်ကြောင်း ပြောပြပါတယ်။
ရော့ဇမ်က ငန်းပေါက်လေးရဲ့ မိသားစုဟာ သူ့ကြောင့်သေဆုံးသွားရကြောင်း ပြောပြတဲ့အခါ ဖင့်က အထိတ်တလန့်နဲ့ ဒီအကြောင်း နောက်တစ်ခါ ဘယ်သူ့ကိုမှ မပြောပြမိစေနဲ့လို့ သတိပေးခဲ့ပါတယ်။
ရော့ဇမ်က သူ့ကိုဘယ်လိုရေကူးသင်ကြမလဲလို့ မေးတဲ့အခါ ဖင့်က ရေကူးတာကလွယ်ပါတယ်ဆိုပြီး ငန်းပေါက်လေးကို ရေကန်ထဲကန်ချ လိုက်ပါတော့တယ်။
အဲဒီနောက် တကယ်တော့ ငန်းပေါက်လေးဟာ ပုံမှန်မဟုတ်ပဲ မသန်စွမ်းတဲ့ အကောင်ညှပ်လေးဖြစ်ကြောင်း၊
ဒါကြောင့် ဘယ်နည်းနဲ့မှ အရွယ်ရောက်တဲ့အထိ အသက်မရှင်နိုင်ကြောင်းနဲ့ ဒီတာဝန်ကို မြန်မြန်ပြီးဆုံးချင်ရင် ငန်းပေါက်လေးကို သူစားပစ်လိုက်မယ်ဆိုပြီး သူ့ပါးစပ်ထဲ ကောက်ထည့်လိုက်ပါတော့တယ်။
ဒါပေမဲ့ ရော့ဇမ်က တာဝန်ကိုစားပစ်လိုက်တာဟာ တာဝန်ပြီးဆုံးခြင်းမဟုတ်ဘူးလို့ဆိုကာ အတင်းပြန်ဆွဲထုတ်လိုက်ပါတယ်။
ဖင့် က ဒီကောင်လေးကို သူအပါအဝင် အခြားသားရဲတိရစ္ဆာန်တွေရဲ့ အစားမခံချင်ဘူးဆိုရင် အိမ်ကောင်းကောင်းတစ်လုံးတော့ ဆောက်ရမယ်လို့အကြံပေးခဲ့ပါတယ်။
အိမ်ဆောက်ဖို့ သစ်လုံးတွေရှာဖွေရင်းနဲ့ ဧရာမသစ်ပင်ကြီးကို ကိုက်ဖဲ့နေတဲ့ အကောင်တကောင်ကို မြင်ကြတဲ့အခါ ဖင့်က အဲဒီကောင်ရဲ့နာမည် ပက်ဒလာဖြစ်ပြီး ဒီကျွန်းပေါ်က အကြီးဆုံးသစ်ပင်ကို လှဲချဖို့ကြိုးစားနေတဲ့ ငပေါတကောင်လို့ ပြောပြပါတယ်။
ဖင့်နဲ့အတူ အခြားတိရစ္ဆာန်လေးတွေအားလုံးက ပက်‌ဒလာရဲ့လုပ်ရပ်အပေါ် အမြဲတမ်း လှောင်ပြောင်နေခဲ့ကြတာလဲ ဖြစ်ပါတယ်။
ရော့ဇမ်က အရမ်းကိုကြီးမားတဲ့ အိမ်တစ်လုံးဆောက်ဖို့ ပုံစံဆွဲနေတာကြောင့် ဖင့် က ဒီလောက်ကြီးတဲ့အိမ်ကို မင်းတစ်ယောက်တည်း ဆောက်နိုင်ပါ့မလားလို့ ပြန်မေးပါတယ်။
သူက ရော့ဇမ်စက်ရုပ်တွေဟာ မည်သည့်တာဝန်ကိုမဆို ပြီးဆုံးအောင်လုပ်နိုင်တယ်လို့ ပြောခဲ့ပြီး ငန်းပေါက်လေးကလည်း ရော့ဇမ်ရဲ့စကားအတိုင်း မပီကလာပီကလာနဲ့ အနောက်ကနေလိုက်‌ပြောနေခဲ့ပါတယ်။
အဲဒီမှာ ရော့ဇမ်က ငန်းပေါက်လေးကို ငါ့ကို ရော့ဇ် လို့ပဲ ခေါ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
အဲဒီနောက် အိမ်ကြီးကိုစတင်ဆောက်လုပ်‌နေခဲ့ပြီး ငန်းပေါက်လေးကလည်း သစ်ချောင်းသေးသေးလေးတွေနဲ့ ဝိုင်းကူဖို့လုပ်ပါတယ်။
ရော့ဇမ်က ဒါဟာကူညီရာမရောက်ဘဲ လုပ်ငန်းစဉ်ကို ပိုနှောင့်နှေးစေတယ်လို့ ပြောတဲ့အခါ ငန်းပေါက်လေးဟာ မျက်နှာငယ်လေးနဲ့ လှည့်ထွက်သွားပါတယ်။
သူလည်း သနားစိတ်ဝင်သွားပြီး ဒီတခါတော့ခွင့်ပြုလိုက်မယ်လို့ဆိုကာ ငန်းပေါက်လေးကို မ,တင်လိုက်ကာ သစ်ကိုင်းကိုတင်‌စေလိုက်ပါတယ်။
ဒါပေမယ့် တစ်ခါခွင့်ပြုလိုက်တာနဲ့ နောက်ထပ် တစ်ခါပြီးတခါ လာနေတော့တာပါ။
ညပိုင်းမှာ ဖင့်က ငန်းပေါက်လေးကို နာမည်တခုပေးဖို့ ပြောတဲ့အခါ ရော့ဇမ်က ငန်းပေါက်အမှတ်စဉ် - ၁ လို့ ပေးပါတယ်။
ဒါပေမဲ့ ဖင့်က ဒီထက်ပိုကောင်းတဲ့နာမည် ဖြစ်ဖို့လိုတယ်လို့ ပြောတဲ့အခါ ရော့ဇမ်က ငန်းပေါက်အမှတ်စဉ် - ၈၆ လို့ပေးလိုက်တာပါ။
ကိန်းဂဏန်းအစဉ်လိုက် မဟုတ်တော့တာကြောင့် ဒါဟာ ရော့ဇမ်အတွက် တော်တော်ကောင်းနဲ့နာမည်တခု ဖြစ်နေပါပြီ။
ဖင့်က သက်ရှိသတ္တဝါတွေရဲ့နာမည်မှာ ကိန်းဂဏန်းတွေပါနေတာဟာ အဆင်မပြေဘူးလို့ဆိုခဲ့ပြီး နောက်ဆုံးမှာတော့ "ဘရိုက်" ဆိုတဲ့နာမည်ကို ရွေးလိုက်ကြပါတယ်။
ရော့ဇမ်က ဘရိုက်ကိုဘယ်လိုချော့သိပ်ရမလဲလို့ မေးတဲ့အခါမှာ ဖင့်က သူငယ်ငယ်တုန်းကတော့ သူ့အမေကမြန်မြန်အိပ်အောင် ကျောက်တုံးနဲ့ထုလိုက်တာပဲလို့ ပြောကာ ဘရိုက်ကိုထုသတ်ဖို့လုပ်ပါ‌တယ်။
ဖင့်ကတော့ ငန်းပေါက်လေးကို စားပစ်ဖို့အကြံနဲ့ ရောက်လာတာကြောင့် ကြုံရင်ကြုံသလို သတ်ပစ်ဖို့ပဲလုပ်နေတာပါ။
ဒါပေမယ့် ရော့ဇမ်ကလက်မခံတာကြောင့် နောက်ဆုံးမှာ ကလေးတွေကို ပုံပြင်ပြောပြီးချော့သိပ်ရကြောင်း ပြောပြကာ သူကိုယ်တိုင် ပုံပြင်လေးတစ်ပုဒ်ပြောခဲ့ပါတယ်။
သူပြောပြတဲ့ပုံပြင်က ဘရိုက်ရဲ့အကြောင်းပါပဲ။
မိသားစုတစ်ခုလုံး သေဆုံးသွားကြပြီး တစ်ကိုယ်တည်းကျန်ခဲ့တဲ့ ငန်းပေါက်လေးတစ်ကောင်ဟာ အမေတစ်ယောက်ရဖို့ ဆုတောင်းခဲ့ကြောင်း၊
သူ့ရဲ့ဆုတောင်းကို ကြားသွားတဲ့ စက်ရုပ်တရုပ်ဟာ ကောင်းကင်ပေါ်က ညင်သာစွာနဲ့ ဆင်းသက်လာခဲ့ကြောင်း၊
အဲဒီနောက် ဘရိုက်ရဲ့အမေအဖြစ် တာဝန်ယူခဲ့ပြီး အသက်ထက်ဆုံး စောင့်ရှောက်သွားခဲ့ကြောင်းပြောပြခဲ့ပါတယ်။
ပုံပြင်ပြီးဆုံးသွားတာနဲ့ ဘရိုက်လေးဟာလည်း ရော့ဇမ်ရဲ့ပုခုံးပေါ်မှာ အိပ်ပျော်သွားခဲ့ပါတော့တယ်။
ဒီလိုနဲ့ တဖြည်းဖြည်း ဘရိုက်လေးတောင် အရွယ်ရောက်လာခဲ့ပါပြီ။
ဒါပေမယ့် စက်ရုပ်အမေနဲ့ကြီးပြင်းလာတာကြောင့် စက်ရုပ်ပုံစံအတိုင်း ကာယားကာယားနဲ့ လမ်းလျှောက်တတ်ပြီး ထူးဆန်းတဲ့စကားတွေ ပြောတတ်တာကြောင့် ဘယ်တိရစ္ဆာန်ကမှ သူ့ကိုအပေါင်းအသင်းမလုပ်ကြပါဘူး။
နေ့စဉ်နေ့တိုင်းလည်း ရေကူးလေ့ကျင့်လေ့ရှိပြီး တဖြည်းဖြည်းနဲ့ ရေကူးနိုင်နေခဲ့ပါပြီ။
ပေါ့ဆမ်မိသားစုကတော့ အဲဒါ ရေကူးတာမဟုတ်ဘဲ ရေနစ်တာလို့ဆိုကြပေမယ့် ဘရိုက်ကတော့ ဒါဟာ သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ ရေကူးနေတာလို့ဆိုပါတယ်။
တနေ့မှာ ဘရိုက်ရေကူးနေရင်းနဲ့ မျိုးနွယ်တူငန်းအုပ်ကြီးကို တွေ့လိုက်ရတာကြောင့် မိတ်ဆွေဖွဲ့ဖို့ကြိုးစားခဲ့ပေမယ့် အဲဒီကောင်တွေက ဘရိုက်ကို မိစ္ဆာကောင်ကြီးရဲ့သားဆိုပြီး ဝိုင်းနှိမ်ကြတဲ့အပြင် ရေနှစ်သတ်ဖို့တောင် လုပ်ကြတာပါ။
ဘရိုက်က သူ့အမေကိုအော်ခေါ်လိုက်တဲ့အခါ ရော့ဇမ်လည်း ချက်ချင်းပြေးလာပြီး ငန်းအုပ်ကြီးလည်းထိတ်လန့်တကြား ထပျံကုန်ကြပါတယ်။
အဲဒီအချိန်မှာပဲ ရော့မောက်လို့အမည်ရတဲ့ အသားစားသတ္တဝါတကောင်က ဘရိုက်ကိုအတင်း လိုက်ကိုက်ပါတော့တယ်။
ရော့ဇမ်က အမြန်ပြေးသွားဖို့လုပ်ပေမယ့် သူခြေထောက်တဖက်က ကျောက်တုံးကြားမှာ ညှပ်နေတာကြောင့် အခက်တွေ့နေရပါတယ်။
နောက်ဆုံးမှာ သူ့ရဲ့လက်ဖဝါးကို လွှတ်ထုတ်ကာ အစားခံရခါနီးမှာ ကပ်သီးလေး ကယ်တင်နိုင်ခဲ့ပါတယ်။
အဲဒီနောက် အခြားငန်းတွေဆီမှာ ဘရိုက်ကိုအဖွဲ့ဝင်အဖြစ် လက်ခံပေးဖို့ ပြောခဲ့ပေမယ့် ဘရိုက်ဟာမသန်စွမ်းတဲ့ ညှပ်ကောင်ဖြစ်နေတာကြောင့် သူတို့အဖွဲ့ထဲမှာ လက်မခံတဲ့အပြင် ရော့ဇမ်ဟာ ဘရိုက်ရဲ့အမေအစစ်မဟုတ်ကြောင်းနဲ့ သူ့ရဲ့မိသားစုတစ်ခုလုံးဟာ ရော့ဇမ်ကြောင့် သေဆုံးသွားခဲ့ရကြောင်းပါ ထုတ်ပြောလိုက်ပါတော့တယ်။
မပြောသင့်တဲ့စကားကို ပြောလိုက်တာကြောင့် ဖင့်က ဒေါသတကြီးနဲ့ ကိုက်စားဖို့လုပ်ပေးမယ့် ရော့ဇမ်ကအချိန်မီလှမ်းဆွဲလိုက်ပါတယ်။
ဘရိုက်ဟာလည်း ဝမ်းနည်းတဲ့စိတ် ဒေါသထွက်တဲ့စိတ်တွေနဲ့အတူ အဲဒီနေရာက ခေါင်းငိုက်စိုက်နဲ့ ပြန်ထွက်သွားခဲ့ပါတယ်။
အိမ်ကြီးကိုပြန်ရောက်လာတော့ ရော့ဇမ်ဟာ ကျောက်တုံးညှပ်သွားခဲ့တဲ့ ခြေထောက်တစ်ဖက်ကို ဒူးခေါင်းကနေ ဖြုတ်ထုတ်လိုက်ရပါတယ်။
ဘရိုက်ကလည်း ရော့ဇမ်ကြောင့် သူ့မိသားစုသေဆုံးခဲ့ရတာ အမှန်တကယ်ပဲလားလို့မေးခဲ့ပြီး ရော့ဇမ်လည်း ဖုံးကွယ်ထားလို့မရတော့ဘဲ အားလုံးကိုအမှန်အတိုင်း ပြောပြလိုက်ရပါတယ်။
ဒါကြောင့် ဘရိုက်က သူ့မိသားစုကို သေဆုံးစေခဲ့တာနဲ့ သူ့ကိုလည်း ရော့ဇမ်အပေါ် အမေအရင်းလို ထင်မှတ်စေခဲ့တာအတွက်ပါ အကြီးအကျယ်စိတ်ဆိုးပြီး အိမ်ကနေ ထွက်သွားပါတော့တယ်။
နောက်နေ့မနက်မှာတော့ ကြေကွဲနေတဲ့ ရော့ဇမ်ဟာ ဘရိုက်ရဲ့အိပ်ရာလေးကို ပင်လယ်ထဲ သွားမျှောလိုက်ပါတယ်။
အပြန်မှာတော့ ဂူတစ်ခုကိုတွေ့ခဲ့ပြီး တကယ်တော့ အဲဒီနေရာဟာ သူပထမဆုံးပြုတ်ကျလာတဲ့ နေရာပဲဖြစ်နေခဲ့တာပါ။
ရော့ဇမ်စက်ရုပ်များကို အသုံးပြုနည်း လမ်းညွှန်စာအုပ်ကိုလည်း တွေ့ရပြီး အတွင်းဖက်ကိုလျှောက်ဝင်လာတဲ့အခါ အခြားရော့ဇမ်စက်ရုပ်တွေရဲ့ အပိုင်းအစတွေကို မြင်တွေ့လိုက်ရပါတယ်။
စက်ရုပ်ဦးခေါင်းတစ်ခုကို ကောက်ယူလိုက်တဲ့အခါ ပရိုဂျက်တာပွင့်လာခဲ့ပြီး သူ့ကိုထုတ်လုပ်ခဲ့တဲ့စက်ရုံနဲ့ လူသားတွေကိုကူညီနေကြတဲ့ ရော့ဇမ်စက်ရုပ်တွေရဲ့ ပုံရိပ်တွေကို မြင်လိုက်ရပါတယ်။
အဲဒီနောက် အခြားစက်ရုပ်တခုကို တပ်ဆင်ပြီးတော့ ပါဝါဖွင့်လိုက်တဲ့အခါ အဲဒီစက်ရုပ်ဟာ အသက်ဝင်လာခဲ့ပါတယ်။
ရော့ဇမ်က အဲဒီစက်ရုပ်ကို သူ့မှာသားတစ်ယောက်ရှိ‌နေကြောင်းနဲ့ မိခင်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ဦးနှောက်ထဲက အချက်အလက်တွေကိုဆန့်ကျင်ပြီး စိတ်ခံစားချက်နဲ့ ပြုလုပ်နေမိကြောင်း ရင်ဖွင့်နေခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ ပြောစကားတွေအရ ကျနော်တို့သိလိုက်ရတာက ရော့ဇမ်ကို လူသားတွေရဲ့အသိဉာဏ်နဲ့ ခံစားချက်တွေအားလုံး ထည့်ပေးထားတာဖြစ်ပြီး လူသားသမိုင်းတစ်လျှောက်မှာ အဆင့်အမြင့်ဆုံး စက်ရုပ်တကောင် ဖြစ်နေတာပါ။
အဲဒီစက်ရုပ်က ရော့ဇမ်ရဲ့ အတွင်းပိုင်းအချက်အလက်များကို စစ်ဆေးကြည့်တဲ့အခါ ထိတ်လန့်တကြားဖြစ်သွားပြီး မင်းက ကိုယ့် program ကို ကိုယ်တိုင်ပြန်ပြင်ထားတာလားလို့ မေးလာခဲ့ပါတယ်။
ရော့ဇမ်က program တွေကို ပြန်ပြင်ရေးနေတာ လပိုင်းနဲ့ချီနေပြီး မိခင်တစ်ယောက်ရဲ့တာဝန်ကို အောင်မြင်နိုင်ဖို့ ဒီနည်းလမ်းတစ်ခုပဲရှိတယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီစက်ရုပ်က ဒါဟာအမှားကြီးတခုဖြစ်ပြီး ရော့ဇမ်အနေနဲ့ သူ့ပရိုဂရမ်ကို ဘယ်တော့မှ ပြန်မပြင်သင့်ကြောင်းနဲ့ ဒီအမှားကိုပြန်ပြင်ဖို့အတွက် စက်ရုံကိုပြန်သွားဖို့ လိုအပ်တယ်လို့ဆိုကာ အချက်ပြစက်ကိုထုတ်ပေးကာ power ပြန်ပိတ်သွားခဲ့ပါတယ်။
ရော့ဇမ်လည်း စက်ရုံကိုပြန်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီး တောင်ထိပ်တခုအပေါ်ကို တက်သွားတဲ့အချိန် ဖင့်ကလည်း သူ့အနောက်ကို လိုက်လာခဲ့ပါတယ်။
ရော့ဇမ်က သူ့ရဲ့တာဝန် မအောင်မြင်နိုင်တော့ကြောင်း စိတ်ပျက်စွာပြောခဲ့ပြီး ဖင့်ဟာလည်း ငန်းမျိုးစိတ်ကျွမ်းကျင်သူ မဟုတ်ဘူးမလားလို့ မေးလိုက်ပါတယ်။
ဖင့်က အမှန်တိုင်းပြောရရင် ငန်းရဲ့အရသာကို ကောင်းကောင်းသိတာပါလို့ ဝန်ခံစကား ပြောခဲ့ပါတယ်။
အဲဒီနောက် ရော့ဇမ်လည်း အချက်ပြစက်ကို တပ်ဆင်လိုက်ပြီး သူ့စက်ရုံကို လာခေါ်ခိုင်းတော့မယ့်အကြောင်းနဲ့ စက်ရုံမှာပြင်ဆင်မှုတွေလုပ်ပြီးသွားရင် သူ့အကူအညီကိုလိုအပ်တဲ့ အခြားသူတစ်ယောက်နဲ့ ထပ်တွေ့နိုင်မယ်လို့ ဆိုနေရင်းက ဘရိုက်အိပ်နေကျ သူ့ပုခုံးလေးကို စမ်းကြည့်နေခဲ့ပါတယ်။
ဒါပေမဲ့ ဖင့်ကမကြာခင် ဆောင်းရာသီရောက်တော့မှာဖြစ်ပြီး ဘရိုက်ကိုအမြန်ဆုံး အပျံသင်ပေးမနိုင်ရင် သူသေရလိမ့်မယ်လို့ ပြောတဲ့အခါမှာတော့ ရော့ဇမ်လည်းအချက်ပေးစက်ကို ပြန်သိမ်းလိုက်ပါတော့တယ်။
အဲဒီနောက် ဘရိုက်ဆီကိုသွားခဲ့ပြီး အပျံသင်ပေးဖို့ပြောခဲ့ပေမယ့် ဘရိုက်က သူတို့ကိုစိတ်ဆိုးနေတဲ့အပြင် သူ့ကိုပျံသန်းနိုင်အောင် ကူညီပေးနိုင်မယ်လို့လည်း အယုံအကြည်မရှိပါဘူး။
ဒါပေမဲ့ ရော့ဇမ်က လွယ်လွယ်နဲ့အလျှော့မပေးဘဲ အမျိုးမျိုးပြောကာ နားချနေခဲ့ပြီးတော့ ဘရိုက်အနေနဲ့ပျံသန်းနိုင်မှသာ အသက်ရှင်နိုင်မှာဖြစ်သလို သူလည်း ဒီတာဝန်ကျေတော့မှ စက်ရုံကိုပြန်နိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
နောက်ဆုံးမှာ ဘရိုက်လည်းလက်ခံခဲ့ပြီး နောက်နေ့ကစလို့ ပျံသန်းရေးလေ့ကျင့်ခန်း စတင်ခဲ့ပါတော့တယ်။
ဒါပေမဲ့ ပုံမှန်သန်စွမ်းမှုမရှိတဲ့ ငန်းတကောင်အတွက် လေပေါ်ပျံသန်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိတဲ့ ကိစ္စတစ်ခု ဖြစ်နေတာပါ။
ဘရိုက်ရဲ့တောင်ပံတွေ အလွန်သေးငယ်နေခြင်းက ပျံသန်းဖို့အတွက် အကြီးမားဆုံးသော အတားဆီးကြီးတခုပဲဖြစ်နေခဲ့ပါတယ်။
ခြေထောက်တစ်ဖက်နဲ့ အဆင်မပြေဖြစ်နေတဲ့ ရော့ဇမ်ကို ပတ်ဒလာက သစ်သားနဲ့ပုံဖော်ထားတဲ့ ခြေထောက်တစ်ချောင်း လက်ဆောင်ပေးခဲ့ပါတယ်။
နောက်နေ့မှာတော့ နည်းလမ်းအသစ်ကိုသုံးပြီး ဘရိုက်ကိုစွန်လွှတ်သလို ကြိုးနဲ့ဆွဲကာ လေပေါ်ပြန်တက်စေခဲ့ပါတယ်။
အစပိုင်းမှာ အဆင်ပြေသလိုထင်ရပေမယ့် ခဏနေတော့ ဂျွမ်းပြန်ဇောက်ထိုးကြီး ပြန်ဆင်းလာတာကြောင့် အချိန်မီ ပြေးဖမ်းလိုက်ရပါတယ်။
ဘရိုက်က ထိခိုက်မှုမရှိခဲ့ပေမယ့် ရော့ဇမ်ကတော့ ဒဏ်ရာတချို့ ရသွားပုံပါပဲ။
အခြေနေက တိုးတက်မှုရှိမလာတဲ့အခါ နောက်တနည်းထပ်မံကြံစည်ကြပြီး ဒီတခါမှာတော့ ပျံသန်းရေးနည်းပြတစ်ဦးကို ခေါ်လိုက်တာပါ။
အဲဒီနည်းပြဆိုသူကတော့ သိန်းငှက်ကြီးတစ်ကောင်ပဲဖြစ်ပြီး သိန်းငှက်က အတောင်ပံသေးတဲ့အကောင်ဟာ နည်းစနစ်ကိုသိရင် တခြားကောင်တွေထက်တောင် ပိုမြန်သေးတယ်လို့ပြောခဲ့ပါတယ်။
ရော့ဇမ်က တခြားသူတွေပျံနိုင်ရင် သားလည်းပြန်နိုင်ရမယ်လို့ အားပေးစကားပြောကာ ကောင်းကင်ပေါ် လွှတ်တင်လိုက်ပါတယ်။
အနီးအကပ် သင်ကြားပေးမယ့်သူရှိလာသလို  ဘရိုက်ကိုယ်တိုင်လည်း ဆန္ဒပြင်းပြပြီး ဇွဲလုံ့လကြီးတာကြောင့် တဖြည်းဖြည်းနဲ့ ပျံသန်းနိုင်လာခဲ့ပါပြီ။
သူအပိုင်ဆုံးအကွက်ကတော့ အမြင့်ဆုံးကို တစ်ရှိန်တိုး ထိုးတက်သွားပြီး နောက်ပြန်လှန်ချတဲ့အကွက်ပါပဲ။
သားဖြစ်သူကိုရင်တမမနဲ့ ကြည့်နေတဲ့ ရော့ဇမ်ဆီကို ငန်းအဖွဲ့ခေါင်းဆောင်ရောက်လာပြီး သူ့နာမည် လည်ပင်းရှည်ဖြစ်‌ကြောင်းမိတ်ဆက်ကာ ဘရိုက်ကိုစောင့်ကြည့်နေကြောင်း ပြောခဲ့ပါတယ်။
လည်ပင်းရှည်ကြီးက တကယ်တော့ ဘရိုက်ဟာငန်းမျိုးနွယ်ထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးသူဖြစ်ကြောင်းနဲ့ ဒါကိုငန်းတိုင်းက သိပေမယ့် လက်ခံဖို့သတ္တိမရှိကြကြောင်း ပြောခဲ့ပါတယ်။
အကြောင်းကတော့ ဘရိုက်လို မသန်စွမ်းတဲ့ညှပ်ကောင်တစ်ကောင်ဟာ ဘယ်တော့မှ ဒီလောက်အရွယ်ထိ အသက်မရှည်ဖူးတာကြောင့်ပဲ ဖြစ်ပါတယ်။
ပြီးတော့ နောက်တပတ်အတွင်းမှာ သူတို့အားလုံး ပြောင်းရွှေ့ကြမှာဖြစ်ကြောင်းနဲ့ ဘရိုက်ကိုအတူလိုက်ပါစေချင်ရင် မိုးလင်းမိုးချုပ် တစ်နေကုန် လေထဲမှာပဲ ပျံသန်းနိုင်တဲ့ ခံနိုင်ရည်ရအောင်လေ့ကျင့်ပေးရမှာဖြစ်ကြောင်း၊
ဘရိုက်ရဲ့အတောင်ပံဟာ ပုံမှန်ထက်သေးပေမယ့် သူ့ရဲ့စိတ်နှလုံးက ပုံမှန်ထက် ကြီးမားနေရင်တော့ အားလုံးနဲ့အတူ လိုက်ပါနိုင်ပါလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီ နောက်ဆုံးတပတ်ကတော့ ဘရိုက်အတွက် အရင်ကထက် ၁၀ ဆလောက် ပိုလေ့ကျင့်ခဲ့ရတဲ့ နေ့ရက်တွေပဲဖြစ်ပါတယ်။
ပြီးတော့ ပုံမှန်ထက် တောင်ပံပိုသေးငယ်ပေမဲ့ စိတ်နှလုံးနဲ့ ဇွဲလုံ့လပိုကြီးမားတဲ့ ဘရိုက်ဟာ မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့အထိ မရပ်မနား ပျံသန်းနိုင်ခဲ့ပါပြီ။
ဘရိုက်ရဲ့အောင်မြင်မှုအတွက် ရော့ဇမ်နဲ့အတူ တခြားတောတွင်းတိရစ္ဆာန်တွေအားလုံးကလည်း ဝမ်းသာနေခဲ့ကြပါတယ်။
ဒီလိုနဲ့ ရွှေ့ပြောင်းမယ့်နေ့ကိုရောက်တော့ ရော့ဇမ်ကိုယ်တိုင် လိုက်ပို့ပေးခဲ့ပြီး ခေါင်းဆောင်ဖြစ်တဲ့ လည်ပင်းရှည်ကြီးက သူတို့အားလုံး မိုင်းထောင်ချီတဲ့ခရီးကို ပျံသန်းကြရမှာဖြစ်ပြီး ဒါဟာ ငန်းမျိုးနွယ်အတွက် နှစ်ပေါင်းသန်းချီကြာခဲ့ပြီဖြစ်တဲ့ သဘာဝရဲ့ စမ်းသပ်မှုတစ်ခုပဲဖြစ်ကြောင်း မိန့်ခွန်း‌ခြွေနေခဲ့ပါတယ်။
အဲဒီနောက် လည်ပင်းရှည်ကိုယ်တိုင် ဘရိုက်ကိုသူ့အဖွဲ့နဲ့ လိုက်ပါပျံသန်းဖို့ ဖိတ်ခေါ်ခဲ့ပြီး ဒီခရီးစဉ်ဟာ ဘရိုက်အတွက် ရော့ဇမ်ကပေးတဲ့ လက်ဆောင်တခုဖြစ်ကြောင်း၊
ဘရိုက်လိုသေးငယ်တဲ့ ငန်းတွေဟာ ဘယ်တော့မှ ဒီအရွယ်အထိ အသက်မရှည်ခဲ့ကြောင်း၊
တကယ်တော့ မိသားစုသေသွားတဲ့ အဖြစ်ဆိုးကပဲ ဘရိုက်ကိုအခုလို ဆက်လက်ရှင်သန်စေခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။
ရော့ဇမ်လည်း အဖွဲ့ခေါင်းဆောင်ကို သူ့သားကိုလက်ခံပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ မကြာခင် သူ့ရဲ့တာဝန်တွေလည်း ပြီးဆုံးပြီး စက်ရုံကိုပြန်နိုင်တော့မယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီနောက် ရွှေ့ပြောင်းရေးခရီးစဉ် စတင်ခဲ့ပြီး ဘရိုက်က ဆောင်းရာသီလွန်မြောက်လို့ သူပြန်လာတဲ့အခါ ရော့ဇမ်ကို ပြန်တွေ့ရမှာလားလို့မေးခဲ့ပါတယ်။
ရော့ဇမ်က ပြန်တွေ့နိုင်တော့မှာမဟုတ်ကြောင်းနဲ့ ဘရိုက်အနေနဲ့ သူနဲ့သင့်တော်တဲ့နေရာကို သွားနိုင်တော့မှာဖြစ်တာကြောင့် ကျေနပ်နိုင်ပါပြီလို့ပြောခဲ့ပါတယ်။
ဘရိုက်က တစ်ခုခုကိုပြောချင်နေခဲ့ပေမယ့် ပြောမထွက်ခဲ့ဘဲ နောက်ဆုံးမှာ သူ့ကိုလေပေါ်တင်ပေးဖို့ပဲ ပြောလိုက်ပါတယ်။
ရော့ဇမ်ရဲ့ ပုခုံးပေါ်တက်လိုက်ပြီး ဖင့်ကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်စကား ပြောလိုက်ပါတယ်။
အဲဒီနောက် ရော့ဇမ်ဟာ ဘရိုက်ကိုပခုံးပေါ်တင်ကာ အရှိန်နဲ့ပြေးသွားခဲ့ပြီး ကောင်းကင်ပေါ် လွှတ်တင်ပေးလိုက်ပါတယ်။
နောက်ဆုံးမှာတော့ တတိယမြောက်နဲ့ နောက်ဆုံးတာဝန်ဖြစ်တဲ့ ပျံသန်းခြင်းကို ပြီးမြောက်စေခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ ရော့ဇ်ဟာ ဝမ်းမသာနိုင်ဘဲ ပြေးထွက်သွားကာ သားဖြစ်သူကို မျက်စိတစ်ဆုံး ကြည့်နေမိပါတယ်။
လည်ပင်းရှည်က ဒါကိုသတိထားမိတာကြောင့် ဘရိုက်ကိုခေါ်ကာ ရော့ဇ်ရဲ့အနားကနေ ဖြတ်ပျံ‌စေခဲ့ပြီး သားအမိနှစ်ယောက်ကို တွေ့ခွင့်ရစေခဲ့ပါတယ်။
အားလုံး မြင်ကွင်းကပျောက်ကွယ်သွားချိန်မှာတော့ ရော့ဇ်တယောက် လေထဲလွင့်မျောလာတဲ့ ဘရိုက်ရဲ့အမွှေးတစ်ချောင်းကိုင်ကာ ငြိမ်သက်လို့ကျန်ရစ်ခဲ့ပါတယ်။
ပခုံးပေါ်က ဘရိုက်အိပ်ခဲ့ဖူးတဲ့နေရာလေးကို ကိုင်ကြည့်ရင်း သူလည်းစက်ရုံကိုပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဖင့် ရောက်လာပြီး တကယ်ပြန်တော့မလို့လားဆိုပြီး မေးတဲ့အခါ ဘရိုက်ဟာ သင့်တော်တဲ့နေရာကို ရောက်သွားပြီဖြစ်သလို သူလည်း စက်ရုံကိုပြန်တော့မှာဖြစ်ကြောင်း၊
ဒါကြောင့် ဖင့်အနေနဲ့လည်း အရင်လို တစ်ကိုယ်တော်လွတ်လပ်စွာ ပြန်လည်နေထိုင်နိုင်ပြီလို့ ဝမ်းသာတဲ့ဟန်နဲ့ ပြောလိုက်ပါတယ်။
ဖင့်ကလည်း အားလုံး နေရာမှန်ကို ပြန်သွားခွင့်ရပြီလို့ဆိုကာ ဝမ်းသာအားရ ပြောခဲ့ပေမယ့် တကယ်တမ်းတော့ သူတို့နှစ်ဦးစလုံး ဟန်ဆောင်နေကြတာပါ။
ဖင့် က ရော့ဇ်ကို တကယ်မပြန်စေချင်သလို ရော့ဇ်ကလည်း တကယ်ပြန်ချင်တဲ့ ဆန္ဒမရှိခဲ့ပါဘူး။
ရော့ဇ်က တစ်ယောက်ယောက်ကို ချစ်တဲ့အကြောင်း ဘယ်လိုအသိပေးရလဲလို့ မေးတဲ့အခါ ဖင့်က ချစ်တယ်ဆိုရင် ချစ်တဲ့အကြောင်း ပြောပြရမယ်လို့ ဆိုခဲ့ပါတယ်။
ရော့်ဇ်က ဒါဆိုရင် သူ့အတွက်တော့ ပြောဖို့နောက်ကျသွားပြီလို့ ဆိုခဲ့ပြီး အနောက်ပြန်လည်ကြည့်တော့ ဖင့်လည်း ထွက်သွားခဲ့ပါပြီ။
အဲဒီနောက် သူ့ရဲ့အိမ်ကြီးမှာ ပျံသန်းနေတဲ့ ဘရိုက်ရဲ့ပုံကို ရေးထိုးလိုက်ပြီးနောက် ထွက်သွားခဲ့ပါတယ်။
ဖင့်တယောက်လည်း အေးလွန်းတဲ့ဆောင်းရာသီရဲ့ဒဏ်ကို ခံနိုင်ဖို့ သူ့ရဲ့ မြေအောက်ကျင်းထဲကို ဝင်သွားခဲ့ပါပြီ။
ရော့ဇ်လည်း တောင်ထိပ်ကြီးပေါ်တက်သွားကာ တာဝန်တွေးအားလုံး ပြီးဆုံးသွားခဲ့ပြီလို့ဆိုကာ စက်ရုံကိုအချက်ပြစနစ် ဖွင့်လိုက်ပါတော့တယ်။
တဖက်မှာ ဘရိုက်က သူပြောချင်တဲ့စကားတစ်ခွန်းကို မပြောခဲ့ရကြောင်း ရင်ဖွင့်နေခဲ့ပြီး လည်ပင်းရှည်က နှုတ်ကဖွင့်မပြောပေမယ့် နှလုံးသားတွေက အချင်းချင်းသိနိုင်ကြပါတယ်ဆိုပြီး နှစ်သိမ့်ပေးခဲ့ပါတယ်။
ပြီးတော့ အတောင်ပံသေးသေးလေးနဲ့ ဘရိုက်ဟာ အများနည်းတူ ကောင်းစွာပျံသန်းနိုင်တာကိုလည်း မြင်ကြရပါတယ်။
ပျံသန်းနေကြရင်းက ရုတ်တရက် မုန်တိုင်းကျရောက်လာတာကြောင့် ခေါင်းဆောင်က အားလုံးအုပ်စုမကွဲစေဘဲ စက်ရုံတခုထဲ ဝင်နားကြဖို့ညွှန်ကြားလိုက်ပါတယ်။
အဲဒီစက်ရုံဟာ ရော့ဇ်ကိုဖန်တီးခဲ့တဲ့ စက်ရုံပဲဖြစ်ပါတယ်။
ဒါ့အပြင် ရော့ဇ်နဲ့ ပုံစံတူစက်ရုပ်တွေလည်း စိုက်ခင်းထဲမှာအလုပ်လုပ်နေကြပြီး ဘရိုက်ကမြင်သွားတဲ့အခါ သူ့အမေလို့ထင်မှတ်ပြီး သူ့မှာပြောစရာတစ်ခုရှိတယ်လို့ သွားပြောပါတော့တယ်။
အဲဒီမှာ စက်ရုပ်တွေက အချက်ပေးသံ ထုတ်လွှင့်လိုက်တာကြောင့် အားလုံး ဝရုန်းသုန်းကားဖြစ်ကုန်ပြီး ငန်းအုပ်ကြီးလည်း ကြောက်လန့်တကြားနဲ့ ထိန်းချုပ်လို့မရအောင် ဖရိုဖရဲဖြစ်ကုန်ပါတော့တယ်။
အားလုံးထဲမှာ အတည်ငြိမ်ဆုံးကတော့ စက်ရုပ်ရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာတဲ့ ဘရိုက်ပဲဖြစ်ပါတယ်။
ဒါကြောင့် ခေါင်းဆောင်က ဒီအခြေအနေကလွတ်မြောက်ဖို့ ပုံမှန်ငန်းတွေနဲ့မတူတဲ့ ဘရိုက်က ဦးဆောင်ပေးရမယ်ဆိုပြီး တာဝန်ပေးလိုက်ပါတယ်။
အဲဒီနောက်မှာ ဘရိုက်ကိုယ်တိုင်ဦးဆောင်ကာ အကွေ့၊အဝိုက်၊အလှည့်အပတ်တွေနဲ့ စက်ရုပ်တွေရဲ့ပစ်ခတ်မှုကို ရှောင်တိမ်းရင်း လွတ်လမ်းကိုရှာဖွေရပါတယ်။
ခေါင်းဆောင်ကြီး လည်ပင်းရှည်ကတော့ ပစ်ခတ်နေတဲ့ စက်ရုပ်အနားကိုသွားပြီး အာရုံများအောင် အမျိုးမျိုးနှောင့်ယှက်ပေးနေခဲ့တာပါ။
တစ်ဖက်မှာ အိမ်ကြီးထဲကို ရော့ဇ်ပြန်ရောက်လာခဲ့ပြီး သူ့ရဲ့အချက်ပြစနစ်ကို ပိတ်ချလိုက်ပြီဖြစ်ကြောင်းနဲ့ ဆောင်းရာသီလွန်မြောက်ရင် ဘရိုက်တစ်ယောက် ပြန်လာနိုင်မှာလားဆိုတာ သူစောင့်ကြည့်ချင်တယ်လို့ ပြောခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ပိုကြီးမားတဲ့ program ချိုးဖျက်မှုတစ်ခုဖြစ်ပြီး ရော့ဇ်ဟာ အသိဉာဏ်ထက် ခံစားမှုကို ပိုဦးစားပေးလိုက်တာပဲဖြစ်ပါတယ်။
ဖင့်ကို ဘာကြောင့် မြေကျွင်းထဲမှာမနေပဲ ဒီအိမ်ကြီးထဲကို ရောက်လာရသလဲလို့ မေးတဲ့အခါ ဖင့်က ဒီနှစ်မှာ နှင်းမုန်တိုင်းက အလွန်ပြင်းထန်နေပြီး အအေးဒဏ်က မြေအောက်အထိကို ထိုးဖောက်ဝင်လာကြောင်း ပြောပြပါတယ်။
ဒါကြောင့် ဖင့်ကိုအတင်းဆွဲခေါ်ကာ တခြားတိရစ္ဆာန်တွေကို ကယ်တင်ဖို့ လုပ်ရပါတယ်။
ဖင့်ကတော့ အားလုံးသေသွားရင် ဒီကျွန်းပေါ်မှာ သူနဲ့ရော့ဇ်တို့နှစ်ယောက်တည်း အေးအေးဆေးဆေး နေနိုင်ပြီလို့ ပြောနေတာပါ။
တိရစ္ဆာန်အားလုံးက ဖင့်ကိုအမြင်ကပ်ကြကြောင်း ပြောတဲ့အခါ ရော့်ဇ်က သူ့ကိုလည်းအားလုံးက မုန်းကြတာပဲဖြစ်ကြောင်းနဲ့ ဘဝကြီးဟာ ဆန်းကြယ်ပြီး တခါတရံမှာ ထင်မှတ်မထားတဲ့အလုပ်တွေ လုပ်ကြရတယ်လို့ပြောခဲ့ပါတယ်။
အဲဒီနောက် ဖင့်က နှင်းတွေအောက်မှာ ဖုံးအုပ်ခံနေရသူတွေကို ရှာဖွေခဲ့ပြီး ရော့ဇ်က သူတို့အားလုံးကို အိမ်ကြီးကိုခေါ်သွားကာ မီးဖိုနံဘေးမှာ အနွေးဓါတ်ပေးထားခဲ့ပါတယ်။
တချို့ကောင်တွေကတော့ အချိန်မီမရှာနိုင်တာကြောင့် အေးခဲပြီး သေဆုံးကုန်ကျပါတယ်။
တိရစ္ဆာန်အတော်များများကို ကယ်တင်ပြီးတဲ့အခါ ရော့ဇ်ရဲ့အခြေအနေလည်း သိပ်မကောင်းတော့ပါဘူး။
ဒါပေမဲ့ နောက်ဆုံးတစ်ကောင်ကျန်သေးတာကြောင့် အားတင်းပြီး ထွက်လာခဲ့ပါတယ်။
သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ အိမ်ကြီးထဲက တိရစ္ဆာန်တွေ အချင်းချင်းရန်ဖြစ်ကြပြီး ကမ္ဘာပျက်မတတ် ဆူညံနေပါ‌တော့တယ်။
ရော့ဇ် ပြန်ရောက်လာတဲ့အခါ အကျိုးအကြောင်းမေးကြည့်တော့ ဖင့်က သားရဲတွေနဲ့ အစာကောင်တွေကို တစ်ခန်းထဲထည့်ထားမှတော့ ပြဿနာတက်ပီပေါ့လို့ ဆိုခဲ့တာပါ။
ရော့ဇ် က သူတို့အားလုံးကို ကူညီပေးဖို့တောင်းဆိုတဲ့အခါ ဖင့်လည်း အသံကျယ်ကြီးနဲ့ အားလုံးကို ရပ်ခိုင်းလိုက်ပါတယ်။
အဲဒီနောက် ဒီမှာရှိနေတဲ့သူအားလုံး သူ့ကိုမုန်းကြသလို သူကလည်း အားလုံးကို ထပ်တူမုန်းတဲ့အကြောင်း၊
ကမ္ဘာပေါ်မှာ အားလုံးက တစ်ယောက်မဟုတ်တယောက်ကို မုန်းနေကြတာပဲဖြစ်ပြီး ဒါဟာအထူးအဆန်းမဟုတ်ကြောင်း၊
ဒါပေမယ့် ဒီနေရာမှာတော့ သဘောတူညီချက်တခု လိုအပ်နေပြီး ဒီအိမ်ကြီးထဲက ထွက်သွားမိတာနဲ့ သေဆုံးရမှာဖြစ်ကြောင်း၊
ဒါကြောင့် နွေဦးရာသီကိုမြင်ချင်ရင် အားလုံးသင့်မြတ်အောင်‌ေနဖို့ လိုအပ်ကြောင်း၊
ဒီအိမ်ကြီးကို ဆောက်လုပ်ခဲ့သူဟာ အားလုံးက မိစ္ဆာကြီးလို့သတ်မှတ်ကြတဲ့ ရော့ဇ်ပဲဖြစ်ပြီး သူ့ကြောင့်ပဲ အားလုံးရှင်သန်ဖို့ အခွင့်အရေးရရှိခဲ့ကြောင်း စသဖြင့် စကားအရှည်ကြီးပြောကာ အားလုံးကို ငြိမ်ကျသွားစေခဲ့ပါတယ်။
အဲဒီနောက် ရော့ဇ်က ဒီမှာရှိနေသူအားလုံး အသက်ရှင်သန်ချင်စိတ် ရှိတဲ့အကြောင်းနဲ့ တစ်ခါတစ်ရံမှာ ရှင်သန်နိုင်ဖို့အတွက် မွေးရာပါသတ်မှတ်ချက်ကို ချိုးဖျက်ဖို့လိုအပ်ကြောင်း၊
ဒါကြောင့် သူပိတ်မကျသွားခင်မှာ အချင်းချင်းမတိုက်ခိုက်ဖို့ ကတိပေးပါလို့ ဆိုခဲ့ပါတယ်။
အားလုံးလည်း အသိတရားရသွားကြပြီး ဒီထဲမှာရှိနေသရွေ့ အချင်းချင်း အန္တရာယ်မပြုကြောင်း ငြိမ်းချမ်းရေးသဘောတူလိုက်ကြပါတယ်။
အဲဒီနောက် ပိုမိုအနွေး‌ဓါတ်ရစေဖို့ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်တိုးအိပ်ကာ ဆောင်းရာသီရဲ့အအေးဓာတ်ကို အန်တုခဲ့ကြပါတော့တယ်။
နွေဦးရာသီကို ပြန်ရောက်လာခဲ့ပြီး မနက်ခင်းတခုမှာ ရော့ဇ်တယောက် ပြန်နိုးလာခဲ့ပါတယ်။
နိုးနိုးလာချင်းမှာ တစ်နေရာရာကို အသည်းအသန် ပြေးသွားခဲ့ပါတယ်။
နွေဦးရာသီမှာ ပြန်ရောက်လာခဲ့ကြတဲ့ ငန်းအုပ်ကြီးဆီပြေးလာခဲ့တာဖြစ်ပြီး ဘရိုက်တယောက် ချောချောမွေ့မွေ့ ပြန်ရောက်လာရဲ့လားဆိုတာ လာကြည့်တာပါ။
အတော်ကြာ လိုက်ရှာနေခဲ့ပြီး နောက်ဆုံးမှာတော့ ကောင်းမွန်စွာပြန်ရောက်လာတဲ့ ဘရိုက်ကိုတွေ့လိုက်ရပါပြီ။
စက်ရုံထဲကနေ ဦးဆောင်မှုပေးပြီး ထွက်လာနိုင်ခဲ့တာကြောင့် အခုချိန်မှာ ငန်းအားလုံးက ဘရိုက်ကိုပြန်သန်းရေးခေါင်းဆောင်အဖြစ်တောင် တင်မြှောက်လိုက်ကြပါပြီ။
ရော့ဇ်က သူ့သားလေးအနားကို သွားချင်ပေမယ့် ဘရိုက်ဟာ သူသင့်တော်တဲ့နေရာမှာ ပျော်နေပါပြီဆိုတဲ့စိတ်နဲ့ သွားမတွေ့ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
ရုတ်တရက် ဖင့်ကငန်းအုပ်ကြီးထဲ ပြေးဝင်သွားခဲ့ပြီး ဘရိုက်ရဲ့လည်ပင်းကို ဖမ်းကိုက်လိုက်တာကြောင့် အားလုံး ထိတ်လန့်ကုန်ကြပါတယ်။
သူတို့နှစ်ယောက် ဝမ်းသာအားရ ဖက်ထားလိုက်ကြပြီး ဘရိုက်က တစ်ဖွဲ့လုံးကိုသူကိုယ်တိုင်ဦးဆောင်ကာ နွေရာသီအသိုက်ကို ခေါ်သွားနိုင်ကြောင်း ပြောပြပါတယ်။
ဖင့်က ခေါင်းဆောင်ကြီးလည်ပင်းရှည် ဘယ်ရောက်သွားလဲလို့မေးတဲ့အခါ စက်ရုံမှာအားလုံးလွတ်မြောက်ရေးအတွက် အသက်ကိုစတေးလိုက်ကြောင်း သိလိုက်ရပါတယ်။
အဲဒီနောက် ရော့ဇ် လည်း ဘရိုက်ကိုစောင့်နေကြောင်း ပြောပြတဲ့အခါ ဝမ်းသာအားရနဲ့ ရော့ဇ်ကို လိုက်ရှာပါတော့တယ်။
တဖက်မှာ ရော့ဇ်တယောက် ဘရိုက်အပျံ‌ေလ့ကျင့်တဲ့ နေရာမှာရောက်နေပြီး အရင်ကအကြောင်းတွေ ပြန်တွေးနေတုန်း စက်ရုံကလွတ်လိုက်တဲ့ ယာဉ်ပျံကြီးရောက်လာခဲ့ပါတော့တယ်။
ယာဉ်ပေါ်ကနေ ဗွန်ထရာလို့အမည်ရတဲ့ လက်တံတွေအများကြီးနဲ့ စက်ရုပ်တစ်ကောင်ဆင်းလာပြီး သူဟာ ပြန်လည်ကယ်ဆယ်ရေး တာဝန်ခံဖြစ်ကြောင်းနဲ့ ရော့ဇ်ကိုပြန်ခေါ်ဖို့ ရောက်လာကြောင်း ပြောခဲ့ပါတယ်။
ရော့ဇ်ကလည်း သူတာဝန်တခုကို ထမ်းဆောင်နေတာဖြစ်ပြီး အခုတော့ သူ့တာဝန်အောင်မြင်သွားခဲ့ပြီဖြစ်တာကြောင့် အိမ်ပြန်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။
ဗွန်ထရာ က လူသူမရှိတဲ့ ဒီလိုနေရာမှာ တာဝန်တစ်ခုကိုထမ်းဆောင်နေတာ စိတ်ဝင်စားစရာပဲဖြစ်ပြီး အဲဒီအကြောင်းအရာတွေကို ဆွေးနွေးမေးမြန်းဖို့အတွက် ယာဉ်ပျံပေါ်တက်ခိုင်းလိုက်ပါတယ်။
ရော့ဇ်က သံယောဇဉ်မပြတ်သလို အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး ယာဉ်ပျံပေါ် အသာတကြည်ပဲ တက်သွားခဲ့ပါတယ်။
အပေါ်ကိုရောက်ခါနီးမှာ ဖင့်ရောက်လာခဲ့ပြီး ရော့ဇ်ကို ဘာတွေလျောက်လုပ်နေတာလဲဆိုပြီး အပြစ်တင်ကာ ဘရိုက်က ရော့ဇ်ကို လိုက်ရှာနေကြောင်း အော်ပြောခဲ့ပါတယ်။
ရော့ဇ် လည်း ချက်ချင်း ပြန်ခုန်ဆင်းသွားခဲ့ပြီး ဗွန်ထရာကို သူ့ရဲ့အဒပ်တာတစ်ခုကျန်ခဲ့လို့ သွားပြန်ယူမယ်လို့ဆိုကာ ပြေးထွက်သွားခဲ့ပါတယ်။
ဗွန်ထရာ ကလည်း ရော့ဇ် လိမ်နေမှန်း ရိပ်မိသွားခဲ့ပြီး ချက်ချင်းပဲ လက်နက်ကိုင်စက်ရုပ်တွေကို စေလွှတ်ကာ ပစ်ခတ်ဖမ်းဆီးစေပါတယ်။
ရော့ဇ် နဲ့အတူ တိရစ္ဆာန်အားလုံးလည်း လိုက်ပြေးခဲ့ကြပြီး တစ်နေရာမှာတော့ သူတို့အားလုံးကို စက်ရုပ်တွေက လိုက်မှီသွားခဲ့ပါတယ်။
စက်ရုပ်တွေက အမိန့်ကိုနာခံပြီး အိမ်ကိုပြန်လိုက်ခဲ့ဖို့ပြောတဲ့အခါ ရော့ဇ် က ဒီနေရာဟာ သူ့ရဲ့အိမ်ဖြစ်နေပြီလို့ဆိုလိုက်ပြီး တိရစ္ဆာန်အားလုံးကလည်း အော်ဟစ်ရဲ့ထောက်ခံလိုက်ကြပါတယ်။
အဲ‌ဒီနောက် သမင်ကြီးက စက်ရုပ်တစ်ကောင်ကို ပြေးခွေ့လိုက်ပြီး တိုက်ပွဲကိုစတင်လိုက်ပါတယ်။
စက်ရုပ်တွေဟာ ရော့ဇ် ကို ဝိုင်းဖမ်းဖို့ကြိုးစားခဲ့ပေမယ့် နယ်မြေခံတိရစ္ဆာန်များနဲ့ ရော့ဇ် တို့လှည့်ကွက်တွေကို ဘယ်လိုမှလိုက်မမှီနိုင်ဘဲ နောက်ဆုံးမှာ အားလုံးမှောက်ကုန်ကြပါတယ်။
အားလုံး အောင်ပွဲခံနေစဉ်မှာပဲ ယာဉ်ပျံပေါ်က ဗွန်ထရာက မှောက်သွားတဲ့စက်ရုပ်တွေအားလုံးကို ဖောက်ခွဲကာ အာရုံပြောင်းလိုက်ပြီး ရော့ဇ်ကို အမိဖမ်းလိုက်ပါတော့တယ်။
အားလုံးက သူတို့ရှုံးပြီထင်သွားပေမယ့် ဘရိုက်နဲ့ငန်းအုပ်ကြီးက ယာဉ်ပျံကြီးနောက်ကို လိုက်သွားကြပါတယ်။
အနောက်ကိုလှည့်ကြည့်တဲ့အခါ သူတို့ရဲ့တောအုပ်ကြီးဟာ မီးဟုန်းဟုန်းတောက်လောင်နေတာကို တွေ့လိုက်ရပါတယ်။
ယာဉ်ပျံပေါ်မှာ ဗွန်ထရာက ရော့ဇ်ရဲ့မှတ်ဉာဏ်တွေကို သုတေသနပြုဖို့အတွက် ဆွဲထုတ်ယူဖို့ လုပ်နေပါတယ်။
program ရဲ့ထိန်းချုပ်မှုကိုကျော်လွန်ပြီး လုပ်ဆောင်ခဲ့တဲ့ ရော့ဇ်ရဲ့ ကျွန်းပေါ်ကလုပ်ရပ်တွေက စက်ရုပ်တခုရဲ့ လုပ်နိုင်စွမ်းထက် သာလွန်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။
ရော့ဇ် က သူ့ရဲ့မှတ်ဉာဏ်တွေကို ချန်ထားပေးဖို့ တောင်းပန်ပေမယ့် ဗွန်ထရာက လုံးဝမဖြစ်နိုင်ဘူးလို့ဆိုကာ မှတ်ဉာဏ်ကူးပြောင်းတဲ့ခလုတ်ကို ဖွင့်လိုက်ပါတော့တယ်။
အဲဒီအချိန်မှာပဲ ငန်းအုပ်ကြီးကလည်း ယာဉ်ပျံကို လိုက်မှီလာခဲ့ပြီး အထဲကိုဝင်ဖို့ ကြိုးစားနေကြပါပြီ။
ဘရိုက်က အမြင့်ဆုံးထိုးတက်ပြီး နောက်ပြန်လှန်ချတဲ့အကွက်နဲ့ ယာဉ်ပျံရဲ့မှန်ကို ဖောက်ထွင်းဝင်ရောက်သွားခဲ့ပြီး တောင်ပံတဖက် ဒဏ်ရာရသွားခဲ့ပါတယ်။
အထဲကိုရောက်တာနဲ့ ရော့ဇ်ဆီကို အမြန်ပြေးသွားခဲ့ပေမယ့် ရော့ဇ်တယောက် ပါဝါပိတ်ကျသွားခဲ့ပါပြီ။
ဘရိုက်က အကျယ်ကြီးခေါ်နှိုးနေပေမယ့် မကြားနိုင်တော့ပါဘူး။
ဘရိုက်က သူစိတ်ဆိုးပြီး အပြစ်တင်ခဲ့မိတာတွေအတွက် တောင်းပန်စကား ပြောနေခဲ့ပါတယ်။
အဲဒီနောက် သားအမေ့ကိုချစ်ပါတယ်လို့ပြောကာ ရော့ဇ်ရဲ့ပခုံးပေါ် အိပ်ချလိုက်ပါတယ်။
ဒါပေမဲ့ ထင်မှတ်မထားဘဲ ရော့ဇ် ဟာ ပြန်လည်အသက်ဝင်လာခဲ့ကာ အမေလည်းသားကိုချစ်ပါတယ်ဆိုပြီး ပြန်ပြောခဲ့ပါတယ်။
ဘရိုက်ရဲ့ ရင်ထဲကစကားတွေကို သူ့နှလုံးသားနဲ့ ကြားလိုက်မိတာပဲဖြစ်ပါတယ်။
တဖက်မှာ တိရစ္ဆာန်အားလုံး တောမီးတွေကြားမှာ ပြေလွှားနေကြရင်း ဝက်ဝံကြီးက ဒီတောမီးကိုငြိမ်းနိုင်တဲ့သူ တစ်ယောက်တော့ရှိတယ်လို့ ပြောလိုက်ပါတယ်။
အဲဒီနောက် သူတို့အားလုံးဟာ ကျွန်းပေါ်က အကြီးဆုံးသစ်ပင်ကို လှဲချဖို့ကြိုးစားနေတဲ့ ပက်ဒလာ ဆီကိုရောက်သွားကြပြီး အကူအညီတောင်းကြရပါတယ်။
ပက်ဒလာ က စျေးကိုင်နေပြီး သူ့ကိုလှောင်ရယ်ခဲ့တာတွေအတွက် အားလုံးဝန်ချတောင်းပန်မှ ကူညီနိုင်မယ်လို့ ဆိုနေခဲ့တာပါ။
တဖက်မှာ သိန်းငှက်ကြီးက ယာဉ်ပျံရဲ့သေနတ်ကို ဆွဲလှည့်လိုက်တာကြောင့် ယာဉ်ကြီးကို ပြန်မှန်ပါတော့တယ်။
ရော့ဇ် တယောက် ထွက်ပြေးဖို့ကြိုးစားနေရင်းက ဗွန်ထရာရဲ့ ချောင်ပိတ်ဖမ်းခြင်းကို ခံလိုက်ရပြန်ပါတယ်။
ဗွန်ထရာက စက်ရုပ်တွေမှာ program ကိုပြင်ဆင်ခွင့်နဲ့ သံယောဇဉ်ထားရှိခွင့်တွေ မရှိကြောင်း၊
ရော့ဇ်နဲ့အတူ ဘရိုက်ကိုပါ ဖမ်းခေါ်သွားပြီး သူတို့ကြားက ထူးဆန်းတဲ့သံယောဇဉ်ကို သုတေသနပြုရမှာဖြစ်ကြောင်းတွေ ပြောနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ဘယ်အချိန်ကတည်းက လွှတ်ထုတ်လိုက်လဲမသိတဲ့ ရော့ဇ်ရဲ့ လက်ဖဝါးတစ်ဖက်ဟာ ခလုတ်တခုကိုနှိပ်လိုက်တာကြောင့် ဗွန်ထရာဟာ သံလိုက်ပြားကြီးမှာ သွားကပ်နေပြီး စက်ရုံက ရော့ဇ် ကို ဖမ်းမိတဲ့အထိ စက်ရုပ်တွေစေလွှတ်နေဦးမှာပဲ လို့ပြောကာ ပျက်စီးသွားခဲ့ပါတယ်။
ဘရိုက်က သူဘာတွေပြောနေတာလဲလို့ မေးခဲ့ပေမယ့် ရော့ဇ် က အရေးမပါတဲ့စကားတွေပဲလို့ ပြောလိုက်ပါတယ်။
အဲဒီနောက် ဘရိုက်ကိုပွေ့ချီကာ ယာဉ်ပျံပေါ်ကနေ ခုန်ဆင်းသွားခဲ့ပြီး မကြာခင်မှာ ယာဉ်ပျံကြီးလည်း ပေါက်ကွဲသွားခဲ့ပါတော့တယ်။
တစ်ဖက်မှာ တိရစ္ဆာန်တွေအားလုံးကလည်း လဲကျခါနီး သစ်ပင်ကြီးကို မြစ်ထဲတွန်းလှဲလိုက်ကြတာကြောင့် ရေစီးကြောင်းပြောင်းကာ တောမီးကိုငြိမ်းစေခဲ့ပါတယ်။
ရော့ဇ် လည်း မြစ်ထဲကိုပြုတ်ကျလာခဲ့ပြီး ဘရိုက်နဲ့အတူ အန္တရာယ်ကင်းစွာ ဆင်းသက်လာနိုင်ခဲ့ပါပြီ။
တိရစ္ဆာန်တွေအားလုံး သူတို့အနားရောက်လာပြီး ငါတို့နိုင်ပြီဆိုပြီး သံပြိုင်အော်လိုက်ကြပါတယ်။
ရော့ဇ် က မီးလောင်ပြင်ဖြစ်သွားတဲ့ သစ်တောကိုကြည့်နေရင်း စိတ်မကောင်းကြီးစွာ ဖြစ်နေခဲ့ပါတယ်။
သူတည်ဆောက်ထားခဲ့တဲ့အိမ်လေးဟာလည်း မီးလောင်ကျွမ်းသွားခဲ့ပါပြီ။
သူ့ကိုဖမ်းမမိမချင်း ဒီလိုလာတိုက်ခိုက်နေဦးမှာပဲလို့ ပြောတဲ့အခါ တိစ္ဆာန်တွေအားလုံးက ဘယ်နှခါပြန်လာပြန်လာ အားလုံးစုပေါင်းအားနဲ့ အခုလိုပဲပြန်လည်တိုက်ခိုက်ကြမယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ရော့ဇ် က အားလုံးဘေးအန္တရာယ်ကင်းဖို့ စက်ရုံကိုပြန်သွားပြီး ပြင်ဆင်စရာတွေရှိတယ်လို့ ပြောခဲ့ပါတယ်။
ဘရိုက်က စက်ရုံကိုပြန်လိုက်သွားရင် အမေ့ရဲ့မှတ်ဉာဏ်တွေ ဖျက်ဆီးခံရလိမ့်မယ်လို့ စိုးရိမ်တကြီးပြောတဲ့အခါ ရော့ဇ် က အမှတ်တရတွေအားလုံးဟာ ရင်ဘတ်ကြီးထဲမှာရှိတာဖြစ်ကြောင်း၊
ဒါကြောင့် ယာဉ်ပျံပေါ်မှာ power ဖြတ်ခံထားရပေမယ့် ဘရိုက်ရဲ့စကားတွေကို ကြားနိုင်ခဲ့ကြောင်းပြောကာ စိတ်မပူဖို့ နှစ်သိမ့်ပေးခဲ့ပါတယ်။
ပြီးတော့ ဒီဖြစ်ရပ်အတွက် အကျိုးအမြတ်အဖြစ် ရရှိလိုက်တာက တိရစ္ဆာန်အားလုံး စည်းလုံးသွားကြတာဖြစ်ပြီး ဒါကအရမ်းကိုတန်ဖိုးကြီးတယ်လို့ ပြောခဲ့ပါတယ်။
ဖင့် က သူ့ဆီမှာ ရော့ဇ် တယောက်ပဲ သူငယ်ချင်းအဖြစ်ရှိတာကြောင့် လမ်းပျောက်တဲ့အခါ၊ ဒဏ်ရာရတဲ့အခါ၊ တစ်ခုခုကိုရင်ဖွင့်ချင်တဲ့အခါ ဘယ်လိုလုပ်မလဲလို့ မေးရင်း ပြန်မသွားဖို့ပြောပါတယ်။
ရော့ဇ် က ဆောင်းရာသီမှာ နယ်ပြောင်းကြတဲ့ ငန်းတွေလိုပဲ အခုသူလည်း နယ်ပြောင်းရမယ့်အချိန်ဖြစ်ပြီး တချိန်မှာ အိမ်ကိုရောက်အောင်ပြန်လာမယ်လို့ ကတိပေးကာ အားလုံးကိုပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်။
အဲဒီနောက် အားလုံးအတွက် အိမ်အသစ်တစ်လုံးကို ပြန်လည်တည်ဆောက်ပေးခဲ့ပြီး အမှက်တရရုပ်ပုံတစ်ခု ရေးဆွဲပေးခဲ့ပါတယ်။
အားလုံးပြီးစီးသွားတဲ့အခါမှာတော့ အချက်ပြစနစ်ကိုဖွင့်လိုက်ပြီး စက်ရုံကလာရောက်ခေါ်ယူတဲ့ ယာဉ်ပျံကြီးနဲ့ လိုက်ပါသွားခဲ့ပါတော့တယ်။
နောက်နှစ် ဆောင်းရာသီကိုရောက်တဲ့အချိန်မှာ တိရစ္ဆာန်အားလုံးဟာ ရော့ဇ် တည်ဆောက်ပေးခဲ့တဲ့ အိမ်ကြီးထဲမှာ အတူတူနေကြပြီး ဖင့် က ကလေးတွေကို ပုံပြင်ပြောပြနေခဲ့ပါတယ်။
ဟိုးရှေးရှေးတုန်းက တိရစ္ဆာန်ပေါင်းစုံနေထိုင်တဲ့ ကျွန်းလေးတစ်ခုပေါ်ကို ကောင်းကင်ပေါ်ကနေ စက်ရုပ်တရုပ်ပြုတ်ကျလာခဲ့ပြီး အဲဒီစက်ရုပ်နာမည်က ရော့ဇ် ဖြစ်တဲ့အကြောင်းအစချီကာ ရော့ဇ်အကြောင်းတွေကို ပြောပြနေခဲ့ပါတယ်။
တစ်ဖက်က စက်ရုံမှာ ရော့ဇမ်စက်ရုပ်တွေများစွာ အလုပ်လုပ်နေကြပြီး အဲဒီအထဲမှာ ကျနော်တို့ရဲ့ရော့ဇ်ကြီးလည်း အပါအဝင်ပဲဖြစ်ပါတယ်။
ကောင်းကင်ပေါ်မှာ ငန်းတအုပ်ဖြတ်ပျံသွားကြတာကို ငေးကြည့်လိုက်ပေမယ့် ဘာမှမမှတ်မိတဲ့ပုံမှာပဲ။
အဲဒီအချိန်မှာ သူ့ရှေ့ကို ဘရိုက်ရောက်လာတဲ့အခါမှာတော့ သူ့ကိုကောက်ချီလိုက်ပြီး မင်းကတော့ ငါ့ကို ရော့ဇ်လို့ပဲ ခေါ်နိုင်တယ်လို့ ပြောလိုက်ပါတော့တယ်။
ဟုတ်ကဲ့ပါ.. ဒီနေ့ရဲ့တင်ဆက်မှုကို ဒီမှာတင်ရပ်နားလိုက်ပါရစေ။
နောက်နေ့တွေများမှာ ရုပ်ရှင်ဇာတ်ကားကောင်းများနဲ့ ပြန်လာခဲ့ပါဦးမယ်။
အဆုံးထိအားပေးခဲ့ကြတဲ့ ပရိသတ်အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ ပရိသတ်များနဲ့တကွ ရွှေမြန်ပြည်သားများအားလုံး ကျန်းမာ‌ေဘးကင်းကြပါစေခင်ဗျာ။

Popular posts from this blog

z